Tuesday, June 2, 2015

အင်္ဂလိပ်စာလေ့လာချင်တယ်၊သို့သော်အတန်းပညာနည်းတယ် ။ဒါဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးလာတာတွေ တွေ့ရပါတယ်။ by Sayar Michael Lin Lin


ဒီစာကို တင်သင့်၊မတင်သင့်စဉ်းစားမိလို့ မတင်ပဲထားထားတယ်။ တစ်နေ့က British Council - သွားတော့ ကလေးငယ်တွေကိုကြည့်ပြီး မတင်ဖြစ်ခဲ့တာပါ။ ကျွန်တော် ရေးထားတာတွေဟာ တစ်ချို့ လူတွေအတွက် လုံးဝကို မလိုတဲ့ အနေအထားဖြစ်နေတယ်လို့ခံစားမိခဲ့တယ်။ သေခြာပြန်တွေး ကြည့်တော့ ဒီလို အလွှာ၊ ဒီလိုအခွင့်အရေးရသူတွေဟာ သိပ်ကိုနည်းပါးလှပါတယ် ၊အခြေခံနည်းသူ၊ အခွင့်အရေးနည်းသူ ကျွန်တော်တို့လို လူတွေပိုများတယ်ဆိုတာ သဘောပေါက်ပြီး ပြန်တင်ဖြစ်ပါတယ်။
..........................................
အင်္ဂလိပ်စာလေ့လာချင်တယ်၊သို့သော်အတန်းပညာနည်းတယ် ။ဒါဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးလာတာတွေ တွေ့ရပါတယ်။ သင်တန်းတက်ပေါ့လို့ အလွယ်တော့ မပြောချင်ပါဘူး။ မြန်မာပြည်မှာ အင်္ဂလိပ်စာ သင်တန်းတွေ အများကြီးရှိပါတယ်။ အများစုဟာ ဆယ်တန်းအောင်ပြီးသား သူများကို ဦးတည်ပြီး ဖွင့်ထားတာ များပါတယ်။ ဒီတော့ အတန်းပညာနည်းပါးတဲ့သူတွေမှာ ဒုက္ခရောက်ရပါတယ်။ ဆရာတစ်ဦးနဲ့ သီးသန့်သင်ပါလို့ အကြံပေးပြန်ရင်လည်း လွယ်လွယ်ပြောလိုက်ရာ ရောက်ပြန်ပါတယ်။ ဆရာတစ်ဦးနဲ့ သီးသန့်သင်ရအောင်လည်း ငွေရေးကြေးရေးက ခက်ခဲပြန်တယ်။ ပညာမတတ်တော့ ၀င်ငွေကောင်းတဲ့ အလုပ်ရဖို့ကလည်း မလွယ်တော့ ဆရာတစ်ဦးနဲ့ သီးသန့်သင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဆရာတစ်ဦးဟာလည်း သူ့ရဲ့ အချိန်တန်ဖိုးအရ လူတစ်ယောက်တည်းကို သီးသန့် ဈေးချိုချိုနဲ့ သင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒီတော့ အခြေအနေအရ အတန်းပညာနည်းခဲ့တယ်ဆိုရင် သူတို့အတွက် ထွက်ပေါက်မရှိတော့ဘူးလား၊ မေးစရာဖြစ်လာတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ သင်တန်းတွေအများကြီးရှိတယ်၊ ဈေးမကြီးသောကျောင်း၊ ပညာဒါနကျောင်းများလည်း အများကြီးရှိပါတယ်။ သို့သော် အခြေခံနည်းသူ တစ်ဦးချင်းရဲ့ လိုအပ်ချက်ကို အသေအချာဖြည့်ပေးဖို့ဆိုတာ မလွယ်လှဘူး။ အကြောင်းက သင်ကြားပေးသူတွေရဲ့အားနည်းချက်မဟုတ်ပဲ အခြေခံအားနည်းသူတို့ဟာ သင်ကြားနေတဲ့ သာမန်အဆင့်အင်္ဂလိပ်စာကိုပင် လုံးဝမလိုက်နိုင်ကြလို့ပါ။ ဒီတော့ သူတို့ဟာ စာလေ့လာမှုကို စိတ်ပျက်သွားကြပါတယ်။ အင်္ဂလိပ်စာ သာမန်အဆင့်မရှိမှု အခြေအနေကနေ ရုန်းထွက်ချင်တယ် ဆိုရင်တော့ သာမန်ဇွဲနဲ့ မရပါဘူး ။ပြင်းထန်တဲ့ ဇွဲရှိမှရပါမယ်။ ကလေးတစ်ယောက်လို ပြန်လည် သင်ယူချင်စိတ်မွေးရမယ်....မိမိကိုယ်တိုင် လေ့လာရတော့မယ်..
ဘွဲ့ရပြီး ဘာမှ မသိသူများလည်း ဒီလိုပြန်စလို့ရနိုင်ပါတယ်။
(သင်ကြားပေးသော ဆရာမရှိသူများအတွက် )
ဒီတော့ မြန်မာစာဖတ်တတ်ရင်ရပါပြီ။
မိမိကိုယ်တိုင်လေ့လာရမယ့်စာအုပ်တွေကိုညွန်းပါမယ်..
ပထမအဆင့်
------------
1. LESSONS In English အတွဲ ၁ ကနေ ၅ အထိရှိပါတယ်။
ဈေးကွက်ထဲမှာ အလွယ်တကူရနိုင်ပါပြီ။ ရှေးကျတယ်ဆိုပေမယ့် ဆရာမရှိသော သူများအတွက်တော့ ဒီထက် လွယ်ကူတဲ့ စာအုပ်က ရှားနေပါသေးတယ်။ အဖြေစာအုပ်လည်း ရှိပါတယ်။ ဒီအဆင့်မှာ.
၁ ကနေ ၂ လောက်အထိ ဆရာလွတ် လေ့လာပါ။ ရေးပါ အဖြေတိုက်ကြည့်ပါ။ အော်ဖတ်ပါ။ (အသံထွက် မသိလျှင် ဖုန်းထဲမှာ အသံထွက်ပါသော အဘိဓာန်ကို ထည့်ထားပါ .ဥပမာ.. Oxford or Cambridge Learner's Dictionary )
2.ဆရာဦးအောင် ဟိန်းကျော်ရေးသော ဆရာလွတ် အင်္ဂလိပ်စာရေးနည်း elementary၊ ဆရာလွတ် အင်္ဂလိပ်စာရေးနည်း (၁) ကိုလေ့လာပါ ။ စတင်လေ့လာသူများအတွက် အဆင်ပြေပါတယ်။
3. အရှင် သုမန - B.A နည်းသစ်အင်္ဂလိပ်သဒ္ဒါ မှလည်း နိုင်သလောက်လေ့လာပါ။
( ခက်သောအပိုင်းများ နားမလည်လျှင် မဖတ်ပါနှင့် ) eight parts of speech ရလျှင်ကို အကျိုးရှိပါသည်။

4. ဆရာဦးဥာဏ်ဝင်းထက် (စာပေဗိမာန်) ရေးသော မူလတန်းကျောင်းသားလေးများအတွက် အင်္ဂလိပ်သဒ္ဒါနှင့် အရေးအသား၊
အလယ်တန်းကျောင်းသားများအတွက် အသုံးချသဒ္ဒါနှင့် အက်ဆေးရေးနည်း စသည့် စာအုပ်များကိုဖတ်ပါ။
5.ဆရာကြီး စိုင်းအောင်ဝင်းရေးသော - မြန်မာအတွေး၊ အင်္ဂလိပ်အရေး မူလတန်း စာအုပ်ပါ ၀ါကျများကို ဖတ်ပါ ၊ ကူးရေးပါ။ သင်ယူပါ။
စာအုပ်ရှားပါးသော ဒေသများမှ လူများအတွက်၊ သူငယ်တန်း ၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းဖတ်စာအုပ်များ၊ စသည့်ဖတ်စာအုပ်များ ပြန်ဖတ်ပါ။
ကူးရေးပါ။
(အပေါ်မှာ ပြောထားသော စာအုပ်များတွင် မြင့်သောအပိုင်းများအား မနိုင်လျှင် မဖတ်ပါနှင့် အကြောင်းမှာ အဆင့်မြင့်ပိုင်းအထိပါသော ကြောင့်ဖြစ်ပါသည်။ )
- ကျွန်တော်ရေးပြသော တစ်ချို့စာအုပ်များသည် ရှေးကျနေပါတယ်။ သို့သော် ကျွန်တော်ရည်ရွယ်ရေးတာ ဆရာတစ်ဦးနှင့် သင်မည့်သူများ အတွက်မဟုတ်လို့ပါ။ ကျွန်တော်တို့ ကလေးများကိုတော့ Oxford/ Longman/ Macmillan တို့ကထုတ်သော ခေတ်ပေါ်စာအုပ်များ၊ ကလေးများအတွက် သီးသန့်ထုတ်သော စာအုပ်များကို သုံးပါတယ်။ တကယ်လည်း ကောင်းလှပါတယ်။ ခက်တာက အင်္ဂလိပ်ပဲ ရေးထားတော့ အခြေခံနည်း၊ ကိုယ်တိုင်လေ့လာလိုသူများအတွက် ခက်ခဲပါတယ်။ အပေါ်က စာအုပ်တွေ လေ့လာပြီးသွားရင်တော့ ဒီလို စာအုပ်တွေကို ပြန်လေ့လာသင့်ပါတယ်။
ဒုတိယအဆင့်
--------------
ဒီလောက်ဆိုရင် ၀ါကျလေးတွေ ဖြောင့်ဖြောင်တန်းတန်း ရေးတတ်ဖို့ နီးစပ်လာပါပြီ။ ဇွဲမရှိရင်တော့ မရဘူးပေါ့။ ဘယ်လောက်ကြာမှာလဲ......ဒါကလည်း လုပ်တဲ့သူအပေါ်မှာပဲ မူတည်ပါတယ်။
၁။ ဆရာကြီးဘ၀သစ်ဦးအောင်ကျော်ရေးတဲ့ အင်္ဂလိပ်စာ လက်တွေ့ ၊အရေး၊အပြော စာအုပ်ကို လေ့ကျင့်ပါ၊ဒီစာအုပ်က .. ၁ နှစ်လောက်တော့ လေ့လာရပါလိမ့်မယ်။ ခက်တဲ့အပိုင်းတော့ ထုံးစံအတိုင် ကျော်ထားလိုက်ပေါ့။
၂။ ဆရာဒွေးရေးသော အခြေံ အင်္ဂလိပ်ဝါကျများရေးသားခြင်း ပထမတွဲကို လေ့လာပါ။
၃။ ဆရာ ဦးအောင်ဟိန်းကျော်ရေးသော ဆရာလွတ် အင်္ဂလိပ်စာရေးနည်း စာအုပ် အတွဲ ၂ ကိုလေ့လာပါ။
၎။ ဆရာကြီး ဦးသာနိုးရေးသော Reading and Writing in English စာအုပ်မှ Writing အပိုင်းကို လေ့လာပါ။
၅။ ဆရာကြီး ဦးသာနိုးရေးသော Beginning English grammar ၊ English Grammar for All စာအုပ်များကို လေ့လာပါ .. Tenses သဘောတရားနဲ့ Passive သဘောတရာတွေ အထိ သဘောပေါက်အောင် လုပ်ပါ။ အကုန်နားမလည် သည့်အခါ စိတ်ပျက်ပါနဲ့။ ရသလောက်ပဲ ယူပါ။ ဆရာကြီးရေးသော အလယ်တန်းအဆင့် အက်ဆေး စာအုပ်နှင့်တွဲဖတ်ပါ။
၆။ ဆရာဦးဥာဏ်ဝင်ထက်ရေးသော အလယ်တန်းကျောင်းသားများအတွက် သဒ္ဒါနှင့် အက်ဆေးရေးနည်း ၊
၆။ Essential Grammar in Use - Raymond Murphy ရဲ့စာအုပ်ကို လေ့လာကြည့်ပါ။ နားမလည်ပါက ဆရာမိုး Follow Me. မြန်မာပြန်ထားတာ ရှိပါတယ် ။မဖြစ်မနေမှ တွဲကြည့်ပါ။
ဒီအဆင့်လောက်ကို တီးမိခေါက်မိရင် သင်တန်းတွေ တက်တဲ့အခါ အခက်အခဲမရှိတော့ပါဘူး။ ကျွန်တော်ပြောနေတာ ......အတန်းပညာနည်းသူတွေ အတွက်ပါ.။
.ဒီအခါမှာတော့ မိမိ ဘာစာအုပ်တွေ ဖတ်ရမယ် သိသွားပါလိမ့်မယ်။
စကားလုံးရေ.. ၂၀၀၊ ၃၀၀၊ ၅၀၀.. စသည်ဖြင့် ရေးသော အင်္ဂလန်၊ အမေရိကန် ထုတ် စာအုပ်များ ကိုဖတ်ပါ။
စာအုပ်များရဲ့ နောက်ကျောဖက်မှာ..CEFR. A1/ A2/ B1/ B2/ C1/ C2 ဆိုပြီး အဆင့်လေးတွေ ခွဲထားပါတယ် .(သူ့အကြောင်း နောက်မှ အသေးစိတ်ရေးပါမယ် )
နာလည်သော စာအုပ်ဖတ်ပါ။ နာမလည်လျှင် အပင်ပန်းအရမ်းမခံပါနှင့် ချထားလိုက်ပါ။ နောက်တစ်အုပ်တော့ ကောက်ကိုင် မိပါစေ။ smile emoticon
...
တတိယ အဆင့်
-----------------
၁။ ဆရာကြီးဘ၀သစ်ဦးအောင်ကျော်ရေးတဲ့ အင်္ဂလိပ်စာ လက်တွေ့ ၊အရေး၊အပြော စာအုပ်ကို သေသေချာချာပြန်လေ့ကျင့်ပါ။ ဆရာကြီးရေးသော စာစီစာကုံးစာအုပ်များကို ၀ယ်ဖတ်ပါ။ အသုံးအနှုန်းလှလှ ပပများကို မှတ်ပါ ။ အခြားစာများ ဖတ်သည့်အခါ နာလည်မှု့ စွမ်းရည် မြင့်မားနေပါလိမ့်မယ်။
၂။ ဆရာဦးဥာဏ်ဝင်းထက်ရေးသော အထက်တန်းကျောင်းသားများအတွက် အက်ဆေးရေးနည်း စာအုပ်၊
၃။ ဆရာဒွေး အင်္ဂလိပ်စာရေးနည်း ဒုတိယ အတွဲ
၎။ ဆရာ ဦးအောင်ဟိန်းကျော်ရေးသော ဆရာလွတ် အင်္ဂလိပ်စာရေးနည်း အတွဲ (၃)
၅။ ဆရာမိုး Follow Me .အင်္ဂလိပ်စာရေးနည်း ပေါင်းချုပ်။
၆။ English Grammar in Use - Raymond Murphy .
( ကြည်ရွှန်း စီစဉ်တည်းဖြတ်သည် အသုံးချ အင်္ဂလိပ်သဒ္ဒါဆိုပြီး ဘာသာပြန်ထားပါတယ် ) နားမလည်ရင် တွဲပြီးလေ့လာပါ။
၇။ ဆရာကြီး ဦးသာနိုးရဲ့ English The Easy Way ကိုလေ့လာပါ။
၈။ ဆရာကြီး ဦးစိုးမြိုင် လက်တွေ့ အင်္ဂလိပ်သဒ္ဒါ
---------------
၁။ ဒေါ်ခင်အေးပွင့် အဆင့်မြင့်အင်္ဂလိပ်သဒ္ဒါ ( TOEFL )
၂။ .ဒေါက်တာသိန်းထွန်း .. Advanced English Sentence Construction Skills
၃။ ဆရာကြီး တက်တိုး အင်္ဂလိပ်သဒ္ဒါနှင့် အင်္ဂလိပ်စာ အရေးအသား
၎။ ဆရာဦးဥာဏ်ဝင်းထက် English Sentence Patterns/
တော်ပါပြီဗျာ.သိပ်များသွားပြီး ကြောက်ကုန်မှာလည်း စိုးရသေးပါတယ်။ ရသလောက်လုပ်ပါ။......
ဝယ်ထားသင့်သော စာအုပ်များ...( ဈေးကွက်တွင် ၀ယ်ရလွယ်သည်များသာ ရေးပေးထားပါသည်။ ဈေးကွက်တွင် ၀ယ်ရခက်သော အလွန်ကောင်းမွန်သော စာအုပ်များကိုတော့ မရေးတော့ပါဘူး )
1. Practical English Usage . တန်ဖိုး တစ်သောင်းခန့်ရှိပါတယ်..( အာရုံသစ် စာအုပ်ဆိုင်မှာ ရနိုင်ပါတယ် )
2. English Grammar Today ( တန်ဖိုး တစ်သောင်း ) စာအုပ်ဆိုင်တိုင်းနီးပါးရပါတယ်။
3.. English Grammar in Use - Raymond Murphy အကြမ်း ၊ အချော ၂ မျိုးလာပါတယ်.. အချော ၊ ၂၅၀၀၊ ၃၀၀၀ ထောင်ဝန်းကျင်ပါ။
4. The Heinemann English Grammar .> အချော ၁ သောင်းခန့် ၊ အကြမ်း ၂ ထောင်ခန့် ၊
5. Brighter Grammar one to four . ၇၀၀ - ခန့်
6. Common Mistakes in English .- ၁၀၀၀ ၀န်းကျင်
7. Longman Dictionary of Common Errors .6000 ကျပ်.
9.ဒေါက်တာသိန်းထွန်း .. Advanced English Sentence Construction Skills .( 2500 ကျပ် )
10. ဆရာကြီးတက်တိုး ..အင်္ဂလိပ်သဒ္ဒါနှင့် အင်္ဂလိပ်စာ အရေးအသား (7000 )
11. ဆရာဦးသိန်းလွင်၊ A Basic English Grammar ( 6000 ၀န်းကျင် )
12. Robert Saw Htun . A Handbook of applied English grammar.
မြန်မာပြည်မှ ထုတ်သော စာအုပ်တစ်ချို့မှာ သဘောမကျသော အပိုင်းတွေ ရှိကောင်း၊ရှိနိုင်ပေမဲ့ သင်ကိုယ်တိုင် ဘယ်ပိုင်းကို ကြိုက်တယ် ၊ ဘယ်စာအုပ်က ဘယ်အပိုင်း ကောင်းတယ်ဆိုတာ ၊ ဘယ်စာအုပ်က ဘယ်အပိုင်းကို ယူမယ်၊ ဆိုတာကတော့ သင့် Level မြင့်လာသော အခါ အလိုလိုသိလာပါလိမ့်မည်။
...................
Sayar Michael Lin Lin Facebook မှကူးယူဖော်ပြသည်

2 comments: